အချစ်လား၊ ဝဋ်လား ( တလင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအကြောင်း)



ကျွန်မ မောင်နဲ့လက်ထပ်လိုက်ပါပြီ။ နှစ်ဦးချစ်ခဲ့ကြတာ မကြာပေမဲ့ ခုလိုမြန်မြန်လက်ထပ်လိုက်ရတာ မောင်နဲ့မခွဲနိုင်လို့ပါ။ မောင်နဲ့တွေ့တိုင်း ကျွန်မကို လူကြီးတစ်ယောက်လို အလုပ်ကိစ္စ၊ မိသားစု ကိစ္စတွေကို တခမ်းတနားနဲ့ ရှင်းပြတယ်။ ကျွန်မက မောင်ရှင်းပြတဲ့အလုပ်အကြောင်း တွေဆို နားမလည်ပါဘူး။ ဒါပေမဲ့ နားထောင်လို့ အရမ်းကောင်းခဲ့တယ်။ မောင်က သူ့မိသားစု အကြောင်းတွေပြောပြတော့ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်လေးတော့ ဝင်မိတယ်။ မောင့်ရဲ့မိသားစုက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့အမြဲခရီးထွက်နေကြတယ်။ မောင့်ကိုလည်း သဘောတူထားတဲ့ မိန်းကလေးရှိတယ်ဆိုတာတွေ မောင်ပြောလာတော့ နည်းနည်းတော့စိတ် မကောင်း ဖြစ်မိပါသေးတယ်။ ကျွန်မလို သာမန်မိသားစုကမိန်းကလေးမို့ သဘောမတူနိုင်တာလည်း သဘာဝကျပါတယ်လေ။ မောင့်မိဘတွေ သူတို့သဘောတူသူရှိနေတာမို့ ကျွန်မနဲ့ သူ့မိသားစုကို မိတ်ဆက်ပေးရင် သဘောမကျမှာစိုးပြီး ကျွန်မမျက်နှာငယ်ရမှာမို့ မောင်က သူ့မိသားစုနဲ့ မိတ်မဆက် ပေးချင်ဘူးလို့ ပြောခဲ့တာကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်မလိုသာမန် မိသားစုက မိန်းမ တစ်ယောက်ကို ဂရုတစိုက်ရှိပေးလို့ အတိုင်းမသိ ကျေနပ်မိပါတယ်မောင်ရယ်။ ကျွန်မ မောင့်ကို အရမ်းချစ်တယ်။ ကျွန်မတို့ မိသားစုကတော့ သာမန်မိသားစုလေးပါပဲ။ ဒါပေမဲ့ အငယ်ဆုံးသမီးလေးမို့ မိသားစုနဲ့ အကိုတွေ အမတွေရဲ့အချစ်ကို အပြည့်အဝရခဲ့တာ ကျွန်မပေါ့။ ကျွန်မရဲ့ မိသားစုက မချမ်းသာပေမဲ့ မောင်နဲ့ သဘောမတူပါဘူး။ ပိုက်ဆံချမ်းသာတဲ့ မောင့်လိုလူကိုလက်ထပ်လိုက်ရင် မောင့်ရဲ့ အသိုင်းအဝိုင်းတွေကြားမှာ ကျွန်မမျက်နှာငယ်ပြီး အနှိမ်ခံရမှာစိုးလို့ သဘောမတူနိုင်ပါဘူး။ သို့သော် ကျွန်မနဲ့မောင်က နှစ်ဖက်မိဘတွေ သဘောမတူတဲ့ကြားက မခွဲနိုင်ကြတာမို့ မောင်ခေါ်ရာ နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့မိပါတယ်။ ကျွန်မရဲ့ မိဘတွေကတော့ အငယ်ဆုံးသမီးမို့ မောင်နဲ့သဘောမတူပေမဲ့ ခိုးရာလိုက်ပြေးခဲ့တဲ့ ကျွန်မကို ပစ်မထားရက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ခိုးရာလိုက်ပြေးပြီးပြီဆိုတော့လည်း မြန်မာ့ဓလေ့ထုံး တမ်းအရ တင့်တင့်တယ်တယ် မင်္ဂလာဆောင်စေချင်ခဲ့တာပါ။ မောင်က အဲ့လိုမျိုးတွေ မလုပ်ချင်ဘူး။ ဧည့်ခံရတာမကြိုက်ဘူးလို့ ပြောပါလေရော။ မောင်နဲ့ မိသားစုကြားမှာ အဆင်ပြေစေချင်တာမို့ ကျွန်မကပဲ ဟို .. လို.... ဒီ....လို...နဲ့ လိုက်ညှိနှိုင်းပေးရင်း နောက်ဆုံးတော့ အဆင်ပြေခဲ့ပါတယ်။‌ ဒီလိုနဲ့ ကျွန်မဖခင်ရဲ့ဇာတိမြို့ဖြစ်တဲ့ ထန်းတပင်မြို့လေးမှာ ဘုန်းကြီး (၅)ပါး၊ ဆွေမျိုးတွေနဲ့ မင်္ဂလာ ဆွမ်းကျွေးလေးလုပ်ဖြစ်ခဲ့ပါတယ်။ မောင့်ကို ရွာမှာမင်္ဂလာဆွမ်းကပ်တဲ့ ကုန်ကျစရိတ် အားလုံးကို ကျွန်မတို့လင်မယားကပဲ တာဝန်ယူမယ်နော်ဆိုပြီး တိုင်ပင်လိုက်တော့ မောင်ကလည်း အဲ့အစီအစဉ် ကိုတော့လက်ခံပါတယ်။ မောင်က သူ့မိဘတွေက နိုင်ငံခြားသွားနေတာမို့ မင်္ဂလာဆွမ်းကျွေးကို တော့ လာဖြစ်မှာမဟုတ်ဘူးနော်ဆိုပြီး ပြောလာပြန်တော့။ သူတို့ကလည်း သဘောမတူဘူးလို့ မောင်ပြောထားဖူးတဲ့စကားလည်းရှိတော့ .... မောင်ရှိရင် ပြည့်စုံနေတာမို့ အထူးတလည် မလာ စေချင်ပါဘူး။ ကျွန်မမိဘတွေက မင်္ဂလာဆွမ်းကျွေးအတွက် ရွာကိုကြိုပြီးသွားပြီး ပြင်ဆင်ကြတယ်။ မောင်နဲ့ ကျွန်မကတော့ မင်္ဂလာဆွမ်းမကပ်မီ တရက်အလိုမှပဲ သွားလိုက်တယ်။ ခရီးစထွက်တာနဲ့ စိုက်ထားတဲ့ ပိုက်ဆံပေးရမှာမို့ မောင့်ပိုက်ဆံယူခဲ့ဖို့ အတန်တန်ပြောနေမိတော့ မောင်တို့က ပိုက်ဆံ မကိုင်ဘူး ဘဏ်ကဒ်ထဲကပဲ ထုတ်သုံးတာဆိုပြီး စကားနာထိုးခံရသေးတယ်။ မောင့်ဘဏ်ကဒ်(၅)ခု ကျွန်မကို ပေးထားပါတယ်။ ရွာကို မရောက်မီ ATM စက်ရှိရာနေရာရောက်တော့ ပိုက်ဆံထုတ် မယ်ဆိုပြီး မောင်က ပိုက်ဆံသွား ထုတ်ပါတယ်။ မောင့်ရဲ့ ကဒ်တွေက ငွေမဝင်သေးဘူး။ ဒီကဒ်က ငွေကုန်နေတယ်။ ဒီ ကဒ်က ... ဘာဖြစ်လို့နဲ့......ဆိုပြီး အမျိုးစုံအောင်ပြောပြီး ငွေထုတ်လို့မရခဲ့ပါဘူး။ ကျွန်မမှာလည်း ရွာရောက်တော့မယ်ဆိုတော့ ပိုက်ဆံထုတ်မရရင် ဆွေမျိုးတွေစိုက်ထားတဲ့ မင်္ဂလာအကြွေးမဆပ်နိုင် ရင် အရှက်ကွဲတော့မှာကို စိုးရိမ်နေပေမဲ့ မောင် ကတော့ အေးဆေးပါပဲ ...။ မနက်မင်္ဂလာဆွမ်းကျွေးပွဲမှာတော့ ကျွန်မမပျော်နိုင်ပါ။ မောင် ဘဏ်ကအပြန်ကိုပဲစောင့်နေ မိပါတယ်။ ခဏအကြာမှာ မောင်ရောက်လာခဲ့ပေမဲ့ ပိုက်ဆံတော့ ပါမလာပါ။ မင်္ဂလာဆွမ်းကျွေး အခမ်းအနားပြီးသွားခဲ့တယ်။ ရင်ထဲမှာငိုပြီး ဆွေမျိုးတွေကြား ဟန်ဆောင်ပြုံးထားရတာမို့ အငိုမျက် လုံး အပြုံးမျက်နှာနဲ့ ကျွန်မတစ်ယောက်ကို ဘယ်သူများသိနိုင်ပါလိမ့်။ နောက်ဆုံး ဆွေမျိုးတွေကို ကျွန်မမရှက်နိုင်တော့ဘဲ မင်္ဂလာဆွမ်းကျွေးစရိတ်ကို ရန်ကုန်ပြန်ရောက်ရင် ပြန်လွှဲပေးပါမယ်။ ဘဏ်တွေပိတ်ထားလို့ပါဆိုပြီး အားလုံးကိုတောင်းပန်ပြီး ပြန်လာခဲ့ကြတယ်။ မင်္ဂလာအကြွေး ဆပ်ရမှာ မောင့်ကိုပြောပေမဲ့ မောင်ကတော့ အေးဆေးပါပဲ။ ကျွန်မကပဲ ဆွေမျိုးတွေကြား သိက္ခာကျ မခံနိုင်တာနဲ့ ကျွန်မရဲ့ အလုပ်ရှင်ဆီက ကြိုတင်ငွေထုတ်ပြီး မင်္ဂလာအကြွေးကိုဆပ်လိုက်ပါတယ်။ တဖက်မှာ အကြွေးကျေပေမဲ့ တဖက်မှာတော့ မင်္ဂလာအကြွေးအတွက် လစဉ်ဆပ်ဖို့ အကြွေးတင် လာခဲ့ပါပြီ။ ကျွန်မတို့အိမ်ကလည်း မိသားစုတွေများ‌တာမို့ မိဘအိမ်မှာ မောင်နဲ့ ရေရှည်အဆင်မ ပြေနိုင်မှန်းသိတာနဲ့ သီးသန့်အိမ်ဌားနေကြဖို့ မောင့်ကို ပြောလိုက်ပါတယ်။ မောင်က နှစ်ယောက် အတူတူနေချင်တယ်ဆိုပြီး သူ့ရဲ့လက်စွပ်ကိုချက်ချင်း သွားရောင်းလိုက်ပါတယ်။ မောင့်လက်စွပ် ရောင်းရငွေနဲ့ ရန်ကုန်မြို့အင်းစိန်မှာ အိမ်ဌားနေလိုက်ကြတယ်။ ဌားနေတဲ့အိမ်ကို ပြောင်းနေပြီး နောက်ပိုင်း မောင်တစ်ယောက် အလုပ်မသွားတော့ပါဘူး။ ကျွန်မက “မောင် ..အလုပ်မသွားဘူး လား’’ မေးတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ မောင်က အလုပ်လက်မဲ့တစ်ယောက် ဖြစ်လာ ပါပြီ။ ကျွန်မကတော့ မင်္ဂလာအကြွေး မကျေသေးတာမို့ ကြိုးစားပြီးအလုပ်လုပ်နေရတာပေါ့။ ကျွန်မနဲ့ အလုပ်တူတူလုပ်နေတဲ့ သူငယ်ချင်း အေးချမ်းကိုက ကျွန်မကို တဖတ်သက် ချစ်နေခဲ့တာ ကြာပါပြီ။ ကျွန်မအနေနဲ့က မောင့်ကိုရွေးချယ်လိုက်လို့ပါ။ ကျွန်မကလည်း အိမ်ထောင်သည် တစ်ယောက်အနေနဲ့ ရိုးသားချင်တော့ မောင့်ကိုပြောပြမိပါတယ်။ မောင်က စိတ်မချလို့ဆိုပြီး အလုပ်ကထွက်ခိုင်းပါတော့တယ်။ ကျွန်မကလည်း မင်္ဂလာအကြွေးကျေရင် အလုပ်ကထွက်ပါမယ် လို့ မောင့်ကို ကတိပေးလိုက်ပါတယ်။ မောင် အရင်ကစီးနေတဲ့ဆိုင်ကယ်ကို မတွေ့မိလို့ ကျွန်မမေးလိုက်‌မိပါတယ်။ သူငယ်ချင်း ဆိုင်ကယ်မို့ ပြန်ပေးလိုက်ပြီလို့ ပြောလာတယ်။ မောင်အရင်ကပြောနေကျစကားတွေအရ မောင့် ဆိုင်ကယ်ဆိုပြီး ကျွန်မသိထားခဲ့တာပါ။ သို့သော် ဆိုင်ကယ်နဲ့ပတ်သက်ပြီး ကျွန်မထပ်မမေးမိပါ။ ကျွန်မတို့မှာ အိမ်ထောင်ကျခါစ မင်္ဂလာအကြွေးတွေရယ်၊ အခြားလိုအပ်ချက်တွေရယ်နဲ့ မောင်က လည်းအလုပ်မရှိတော့ အရမ်းကြပ်တည်းလာခဲ့ပါတယ်။ နေထိုင်စားသောက်ဖို့ပါ ခက်ခဲ လာခဲ့ပါပြီ။ အိမ်ရှင်အဒေါ်က မေးလာတယ် ... ။ ညည်းယောက်ျားက အလုပ်မရှိဘူးလား၊ ဘာအလုပ်မှမလုပ်ဘူးလားလို့ အမြဲမေးလေ့ရှိတယ်။ ကျွန်မကလည်း ကိုယ့်ယောကျ်ား သိက္ခာကျမခံနိုင်လို့ ။ မောင်က ဆောက်လုပ်ရေး အင်ဂျင်နီယာ ပါ။ ကျွန်မနဲ့ လက်မထပ်မီက မောင်က လက်မှတ်ကိုင်ထားတဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တယ် လို့ ပြောလိုက်တော့ ။ အိမ်ရှင် အဒေါ်က..... ခုကာလများအေ ....။ အတုတွေဒီလောက်များနေတာ ဒီလက်မှတ်က မှန်မမှန်ရော ညည်း သိလို့လားလို့ အိမ်ရှင် အဒေါ်ကပြောလာတော့ .... ကျွန်မ ဘာမှ ပြန်မပြောမိပါ။ ကျွန်မ မသိခဲ့တာ အမှန်မို့ပါ . . .။ ကျွန်မ အိမ်ကထည့်ပေးထားတဲ့ ရွှေတို၊ ငွေဆတွေလည်း ရောင်းလို့ကုန်ပါပြီ။ မောင်ရယ် ကျွန်မတို့ ဒီလောက်ခက်ခဲနေတာ မောင့်မိဘတွေဆီသွားပြီး အကူအညီတောင်းရအောင်နော်လို့ ကျွန်မကပြောတော့ မောင်ကလက်မခံ။ ကျွန်မ ဘယ်လိုပြောပြော၊ ဘယ်လောက်ဒုက္ခရောက်ရောက် မောင် လုံးဝဂရုမစိုက်ပါ။ တနေ့တော့ မောင်ပြောခဲ့ဖူးတဲ့ သူ့မိဘတွေနေတယ်ဆိုတဲ့ အိမ်လိပ်စာအတိုင်း စုံစမ်းပြီး တစ်ယောက်တည်း သွားလိုက်မိတယ်။ အိမ်ရှေ့ကိုရောက်တော့ ခြံဝဘဲလ်ကိုနှိပ်လိုက်တယ်။ ထွက် လာတဲ့ ခြံစောင့်လို့ထင်ရတဲ့ လူတစ်ယောက်ကို မောင့်အမည်၊ မောင့်ဓါတ်ပုံပြပြီး သူ့အိမ် လားဆိုပြီးမေးတော့ ..... ဘယ်သူလဲ။ မသိဘူး ...ဆိုပြီး ကျွန်မကိုမောင်းထုတ်ခဲ့တယ်။ မောင်ပြော ခဲ့တဲ့ စကားတွေက မူမမှန်တော့မှန်း ကျွန်မ ရိပ်စားမိလာခဲ့ပါပြီ။ တလလောက်ကြာတော့ ကျွန်မရဲ့ အမကြီးက သူ့သူငယ်ချင်းအမေ နာရေးဖြစ်လို့ မြောက်ဒဂုံ ၄၉ ရပ်ကွက်ကိုသွားခဲ့တာ....။ အဲ့ရပ်ကွက်မှာ မောင့်ကိုတွေ့ခဲ့ကြောင်း ပြောလာတယ်။ နောက် ရက်ရောက်တော့ ကျွန်မလည်း မိဘအိမ်ကို အလည်သွားဦးမယ်ဆိုပြီး အမကြီးနဲ့အတူ မောင့်ကို တွေ့ခဲ့တဲ့မြောက်ဒဂုံကို သွားခဲ့လိုက်တယ်။ ကျွန်မတို့သာမန်မိသားစု ခက်ခဲတယ်ဆိုတာထက် အဲ့နေရာက ပိုကြပ်တည်းပါတယ်။ အတော့်ကိုဆင်းရဲတဲ့ ရပ်ကွက်တစ်ခုပါ။ ကျွန်မက မောင့် အကြောင်း စုံစမ်းရင်း မောင့်အမေဆိုသူနဲ့ တွေ့ခဲ့ရပါတယ်။ မောင်နဲ့ ကျွန်မ လက်ထပ်ထားတဲ့ အကြောင်းတော့ မပြောဘဲ ဒီအတိုင်း မောင့်ရဲ့အကြောင်းလောက်ပဲ စုံစမ်းခဲ့တာပါ။ မောင့်အမေက အတော်ရိုးသားပြီး ဆင်းရဲတဲ့သူပါ။ ကျွန်မစုံစမ်းလို့ ဘယ်လောက် သိခဲ့၊သိခဲ့ မောင်ကလည်း ကျွန်မကို ဆက်လိမ်လို့ကောင်းနေတုန်းပါပဲ။ အိမ်လစာပေးခါနီး လကုန်ရက်ရောက်တော့ မောင်ပြဿနာရှာပါပြီ။ ရည်စားဟောင်းရှိလို့ အလုပ်မထွက်တာဆိုတဲ့ စကားလုံး စွပ်စွဲချက်တွေကြောင့် အိမ်လစာ မပေးနိုင်ပေမဲ့ အလုပ်လည်း ထွက်ခဲ့လိုက်ပါပြီ။ အိမ်လခအကြွေးတွေများနေတာကြောင့် ကျွန်မမိဘဆီက ပိုက်ဆံသွားချေးခဲ့ ပါတယ်။ အိမ်လခကို ချေးပြီးပေးရတဲ့ အပြင် ဆန်၊ ဆီ၊ ဆားပါ သယ်ပြီး စားသောက်ရတဲ့ အထိ ဖြစ်နေပါပြီ။ ကျွန်မလည်း ခုလိုဒုက္ခရောက်နေရတာရယ် မောင်လိမ်နေတာတွေကို သိတာနေတာရယ် ကြောင့် မောင့်ကို ချောင်ပိတ်မေးခွန်းတွေမေးပါများလာတော့ နှစ်ယောက်စကားများပြီး ကျွန်မကို လက်ပါတဲ့အဆင့်ထိရောက်လာခဲ့ပါပြီ။ မနက်..မနက် ပိုက်ဆံရှာမယ်ဆိုပြီး ထွက်သွားလိုက်။ ညမှ အိမ်ပြန်လာလိုက်။ ပြန်လာတဲ့အခါဆိုရင်လည်း ပိုက်ဆံမပါတဲ့အပြင် အရက်ပါမူးလာပြီး ကျွန်မကို အမြဲရိုက်လာပါတော့တယ်။ အိမ်ပိုင်ရှင်အဒေါ်ကလည်း မောင်က အိမ်လစာလည်း အပြည့်အဝမပေးနိုင်ဘဲ မိန်းမ ထမိန်နားခိုစားပြီး သူများသားသမီးကို ရိုက်လည်းရိုက်သေးတယ်လို့ပြောပြီး ရန်ဖြစ်တိုင်း လာဆွဲ ပေးနေကြပါ။ ကျွန်မအတွက်တော့ အဲ့ဒီလိုအိမ်ရှင်ဆီမှာ အိမ်ဌားနေမိတာ ကံကောင်းခြင်း တစ်မျိုး‌ပေါ့။ နောက်တော့ မောင်လည်း အိမ်ရှင်အ‌ဒေါ်ရဲ့ စကားကိုမခံချင်တော့တာနဲ့ ပိုက်ဆံ ရှာမယ်ဆိုပြီး ထွက်သွားလိုက်တာ အိမ်ကိုလုံးဝပြန်မလာ‌တော့ပါဘူး ....။ အိမ်ပိုင်ရှင်အဒေါ်ကို ကျွန်မကြုံတွေ့နေရသမျှ အလုံးစုံရင်ဖွင့်မိလိုက်ပါတယ်။ အိမ်ပိုင်ရှင် အဒေါ်ကလည်း ကျွန်မကိုသနားလို့ သူပြန်မလာမချင်း အိမ်လစာမပေးနဲ့။ အခမဲ့နေဆိုပြီး သူ့အိမ်မှာ အလကားထားခဲ့တယ်။ ကျွန်မက မိဘတွေကိုလည်း မပြောရဲတာကြောင့် အိမ်ရှင်အဒေါ်ထံမှာ (၂)လလောက်နေခဲ့ပါတယ်။ နောက်တော့ အိမ်ပိုင်ရှင်အဒေါ်ကြီးက ကျွန်မကိုသနားတာနဲ့ မိဘတွေ ဆီ အကြောင်းကြားလိုက်ပါတယ်။ မိဘတွေက အခြေအနေကို သိသွားပြီး ကျွန်မကိုလာခေါ်တာနဲ့ မိဘအိမ်ကို ပြန်ရောက်ခဲ့ပါပြီ။ မောင် ကျွန်မကို လုံးဝအဆက်အသွယ်မလုပ်တော့ပါ ...။ မောင်နဲ့ကျွန်မအဆက်အသွယ်ပျက်သွားသည်မှာ (၃)နှစ်ကျော်လာခဲ့ပါပြီ။ သူနဲ့ကျွန်မ အဲ့လောက်ထိပဲ ရေစက်ပါလာတယ်လို့ ဆိုရမယ်ထင်တယ်။ မောင့်ကို အရမ်းချစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို စွန့်ပစ်သွားလို့ အရမ်းမုန်းတယ်။ အလူးအလဲခံစားခဲ့ရပါတယ်။ မေ့နိုင်ဖို့ အတော် ကြိုးစားရင်း... ခုတော့တည်ငြိမ်တဲ့ အခြေအနေတစ်ခုကိုဖန်တီးပြီးမှ ကျွန်မဘဝမှာ မောင်ဆိုတာ လုံးဝပျောက်ကွယ်သွားပါပြီ။ ဆရာမဂျူးစာအုပ်ထဲကလိုပေါ့။ မိန်းမတစ်ယောက်ရဲ့မာန‌‌ကြောင့် ယောကျာ်း တစ်ယောက်ကို အရမ်းချစ်နိုင်သလို တပြိုင်နက်တည်းမှာလည်း အရမ်းမုန်းနိုင်ခဲ့တယ်။ နောက်တော့ ကျွန်မနဲ့သင့်တော်တဲ့ အလုပ်တစ်ခုရှာပြီး အလုပ်ဝင်လုပ်ခဲ့ပါတယ်။ မထင်မှတ်ဘဲ ကျွန်မမောင်နဲ့လက်မထပ်မီက တဖက်သတ်ချစ်ခဲ့တဲ့ အေးချမ်းကိုနဲ့ အလုပ်အတူတူ ဖြစ်နေခဲ့တယ်။ ရေစက်ကြောင့်လားဆိုတာ ကျွန်မမသိပါ။ သူကကျွန်မရဲ့ သတင်းတွေကို အားလုံး သိပြီးတဲ့သူတစ်ယောက်ပါ။ အရာအားလုံးကို နားလည်ပေးနိုင်ပြီး သူ့တောင်းဆိုမှုကို လက်ခံဖို့ ကမ်းလှမ်းလာပြန်တယ်။ ကျွန်မကလည်း အကြိမ်ကြိမ်စဉ်းစားပြီး လက်ခံလိုက်မိပါတယ်။ ချစ်တယ်ဆိုတာထက် လိုအပ်မယ်ထင်လို့ပါ။ ပျော်ရွှင်မှုဆိုတာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဘာလိုလိုနဲ့ ကျွန်မ ကိုနဲ့ချစ်သူဖြစ်တာ ၅လ‌လောက်ကြာတော့ အလုပ်ကနေ ဝန်ထမ်းအားလုံးကို ဘုရားဖူးပို့ပေးလို့ သွားခဲ့ကြတယ်။ ကိုနဲ့ကျွန်မ အတော်ကိုပျော်ကြတယ်။ ကျွန်မတို့ အလုပ်က သူငယ်ချင်းတွေ တစ်နှစ်တစ်ခါ ခရီးသွားဖို့ တိုင်ပင်ပြီး ပိုက်ဆံတွေစုကြတယ်။ ဝါကျွတ်ရင် ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖို့ တိုင်ပင်ထားပေမဲ့ မိဘတွေ ကျန်းမာရေးကြောင့် နောက်ဆုတ်လိုက် ကြရတယ်။ တောင်ကြီး၊ အင်းလေး ကို ၅ ရက်ခရီး သွားခဲ့ကြတယ်။ ကိုက ကျွန်မနဲ့တစ်ခန်းတည်း အတူတူနေချင်လို့ တောင်းဆိုတယ်။ ကျွန်မလည်း ခွင့်ပြုလိုက်ပါတယ်။ သူငယ်ချင်းတွေကလည်း နားလည်ကြတယ်။ အခန်းထဲအတူတူနေကြတော့ နှစ်ယောက်သား ဓါတ်ပုံတွေ မရိုးနိုင်အောင် ရိုက်ခဲ့ကြတာပေါ့။ ဒါပဲလားဆိုတော့ fb ပေါ်မှာ တင်လိုက်ကြပါသေးတယ်။ တရက်မှာတော့ မောင်က ကျွန်မအလုပ်သွားတဲ့လမ်း လူပြတ်တဲ့တနေရာမှာ ဆိုင်ကယ်နဲ့ စောင့်နေခဲ့ပါတယ်။ ကျွန်မ မောင့်ကို လုံးဝမမှတ်မိပါ။ မောင်က စကားပြောရအောင်ဆိုပြီး ပြောလာ ပါတယ်။ ကျွန်မအနေနဲ့ အရင်ကလို ရင်မခုန်တော့ပါ။ ‌မောင်ဆိုတာသိတာနဲ့ “ကျွန်မတို့ နှစ်ယောက် ကြား ဘာမှပြောစရာမရှိဘူး။ မပြောဘူး ကိုမျိုးမင်း” လို့ပြောလိုက်ပါတယ်။ သူ့ဘက် ကတော့ရှိတယ် လို့ ပြောလာပြန်တယ်။ ဆိုင်ကယ်ပေါ်တက်ဖို့ အတင်းပြောလာတော့ “ကျွန်မလုံးဝ မလိုက်နိုင်ဘူး” ဆိုပြီး ငြင်းဆန်ခဲ့တယ်။ မောင်က ကျွန်မရဲ့ စလင်းဘတ်အိတ်ကိုဆွဲလုပြီး ဆိုင်ကယ် ဘောက်ထဲကို ထည့်လိုက်ပါတယ်။ ဓါးမြှောင်ကိုထုတ်ပြီး ကျွန်မနားကိုကပ်ကာ “လိုက်မှာလား။ မလိုက်ဘူးလား” ဆိုပြီး ဆိုင်ကယ်ပေါ်အတင်းတက်ခိုင်းပါတယ်။ ပတ်ဝန်းကျင်ကိုကြည့်ပြီး အကူအညီတောင်းစရာ လည်းလူမရှိ။ နောက်ဆုံး ဆိုင်ကယ်ပေါ်တက်ပြီး လူရှိတဲ့နေရာ‌ရောက်မှ အကူအညီတောင်းမယ် ဆိုပြီး တွေးမိလိုက်ပါတယ်။ ကျွန်မ ဆိုင်ကယ်ပေါ်ရောက်တာနဲ့ မောင်က အရှိန်ပြင်းပြင်းမောင်းပါ တော့တယ်။ ဘယ်သွားမှာလဲမေးတော့ ခိုးပြေးတာလို့ ပြောတယ်။ ကျွန်မက ဆိုင်ကယ်နောက်ကနေ မောင့်ကိုအတင်းရိုက်ပြီး ဆိုင်ကယ်နောက်က ခုန်ချလိုက်ပါတယ်။ ဆိုင်ကယ်ပေါ်ကကျတဲ့အရှိန် ကြောင့် ကျွန်မမှာချက်ချင်းမထနိုင်ပါ။ အနီးဝန်းကျင်ကလူတွေက ကျွန်မ ဆိုင်ကယ်ပေါ်က ကျသွားတာကိုမြင်ကြလို့ လာဆွဲထူကြပါတယ်။ မောင်က ဆိုင်ကယ်ရပ်ပြီး ကျွန်မရှိရာသို့ ပြန်လာ ပါတယ်။ ကျွန်မက “သူနဲ့ ပြန်မထည့်ပါနဲ့။ သူက ဓါးနဲ့ခြိမ်းခြောက်တယ်။ သူ့ဆီမှာ ဓါးပါတယ်” ဆိုပြီး ငိုယိုကာအကူအညီတောင်းမိပါတယ်။ မောင်ကလည်းပြန်ပြီး “သူကကျွန်တော့်မိန်းမ ကျွန်တော့်ကို စိတ်ဆိုးနေတာ”ဆိုပြီး ပြန်ပြောပြန်တယ်။
ကျွန်မတို့နှစ်ယောက်ကြား ပတ်ဝန်းကျင်ကလူတွေက ဘာလုပ်ရမလဲမသိ ဖြစ်ကုန်ကြတယ်။ ကျွန်မလည်း “ဒီနားမှာရှိတဲ့ ရပ်ကွက်ရုံးကိုပဲပို့ပေးပါ။ ကျွန်မကိုဓါးနဲ့ ခြိမ်းခြောက်တဲ့လူကို အမှု ဖွင့်ချင်လို့ ကူညီပါ” ဆိုပြီးပြောလိုက်မိပါတယ်။ ကျွန်မငိုနေတာကိုမြင်တဲ့ပတ်ဝန်းကျင်က အကူအညီ ပေးကြသူတွေက ရပ်ကွက်ရုံးကိုတွဲပြီး ဆိုက်ကားတွေနဲ့ လိုက်ပို့ကြပါတယ်။ ရပ်ကွက်ကလူတွေက မောင့်ကို “မင်းလည်း ရပ်ကွက်ရုံးကိုတစ်ခါတည်းလိုက်ခဲ့။ မင်းတို့ကိစ္စ ရပ်ကွက်ရုံးရောက်ရင်ရှင်း” ဆိုပြီး တစ်ပါတည်းခေါ်ခဲ့ပါတယ်။ မောင့်ဆိုင်ကယ်နောက်က လူတစ်ယောက် လိုက်လာခဲ့ ပါတယ်။ ရုံးရှေ့အ‌ရောက် ဆိုင်ကယ်ရပ်ပြီးတာနဲ့ မောင်က အိမ်ပြန်ပြီးမိဘကိုပြန်ခေါ်ဦးမယ်ဆိုပြီး ထွက်သွားခဲ့ပါတယ်။ သို့သော် မောင်တစ်ယောက် ရပ်ကွက်ရုံးကို လုံးဝ ပြန်မလာတော့ပါ။ ဒါနဲ့ပဲ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုပြောပြပြီး ရပ်ကွက်ရုံးမှာ မှတ်တမ်းတင်ခဲ့လိုက်ပါတယ်။ နောက်နေ့ရောက်တော့ တရားရုံးမှာ အမှုဖွင့်တိုင်တန်းလိုက်ပါတယ်။ သတိမထားမိလိုက် တာက မောင့်ဆိုင်ကယ်ဘောက်ထဲ ကျွန်မ စလင်းဘတ် အိတ်နဲ့၊ ဖုန်း၊ ငွေသားအချို့နဲ့ကဒ်တွေ ပါသွားတာပါ။ မောင်ကသူ့ကို အမှုဖွင့်မှန်းသိတာနဲ့ မင်းတို့ နှစ်ယောက်လုံး ငါ့ အကြောင်းကောင်းကောင်း သိစေရ မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ မောင်က ကျွန်မကျန်ခဲ့တဲ့ ဖုန်းထဲမှာရှိတဲ့ ကိုနဲ့ရိုက်ထားတဲ့ ဓါတ်ပုံ၊ Messengerမှာ လင်မယားကဲ့သို့ ပြောဆိုထားတဲ့ စကားတွေယူပြီး လင်ရှိမယားမှန်းသိလျက်နဲ့ ဖောက်ပြန်ခဲ့တယ် ဆိုပြီး ကို့ကို တရားရုံးမှာဦးတိုက်အမှုဖွင့် တိုင်တန်းခဲ့ပါတယ်။ ကို့ကိုအမှုဖွင့်ခဲ့တာက မယား ခိုးမှုအနေနဲ့ပေါ့။ ထောင်ဒဏ် ၅နှစ်ရော၊ ငွေဒဏ်ပါ ချမှတ်လို့ရတဲ့ ပုဒ်မ - ၄၉၇ နဲ့တရားစွဲဆိုခဲ့တာပါ။ ဒါတင်ပဲ လားဆိုတော့ ကျွန်မကိုရော ... တရားဝင် ကွာရှင်းထားခြင်းမရှိဘဲ နောက်ထပ် ရည်းစားနဲ့တွဲနေတာရယ်။ FB ပေါ်တင်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ကျွန်မနဲ့ကိုနဲ့ Messengerမှာ လင်မယားကဲ့သို့ ပြောဆိုထားတဲ့ စကားတွေနဲ့ မောင်က ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြန်ပါသေးတယ်။ ဘယ်သူမဆို ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ၊ ထိမ်းမြားမှုအတည်ဖြစ်နေတဲ့ ကာလမှာ ထပ်မံ၍ထိမ်းမြားမှုမပြုရ။ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရကြောင်း တားမြစ်ချက်တွေကို ဖောက် ဖျက်ရင် (၇)နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့အမှုနဲ့ ကျွန်မကိုလည်း တရားစွဲခဲ့ ပါတယ်။ ကျွန်မသိထားခဲ့တာက အိမ်ထောင်သည်တွေက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်တာ အထောက်အပံ့မရှိဘဲ ယောကျ်ားနဲ့ မိန်းမကင်းကွာနေလို့ ၃နှစ်ကြာရင် အလိုလိုကွာရှင်းတယ်လို့ အရပ်သဘော သိထားခဲ့ပါတယ်။ လင်ခန်းမယားခန်း အလိုလိုပြတ်စဲတယ်‌‌ပေါ့။ (မညွန့်နဲ့မောင်စံသိန်း ၅ ရန်ကုန် စာ ၅၃၇) ဒါပေမဲ့ လင်ခန်းမယားခန်းပြတ်စဲလိုသူက မိမိဆန္ဒကိုထုတ်ဖေါ်ရမယ် နှစ်အပိုင်းအခြား စွန့်ပစ်ရုံနဲ့ အလိုအလျာက် ပြတ်စဲပြီးမဖြစ်ဘဲ ပျက်ပြယ်လိုသော ယောက်ျား၊ မိန်းမက ကိုယ့်ဆန္ဒကို သိသာထင်ရှားလောက်တဲ့ အမူအရာဖြင့်ပြရမည်ဆိုတဲ့အချက်က ရှိနေပြန်ပါသေးရော။( ဒေါက်တာ သာမြ နှင့် ဒေါ်ခင်ပု ၁၉၅၁ ၊ မတစ၊ လွှတ်တော်ချုပ် စာ ၁၀၈ )။ ကိုးကွယ်ရာဘာသာအရ၊ ဓလေ့ထုံးတမ်းအရ၊ တရားဝင်ကွာရှင်းခြင်း မရှိသေးမီ ထပ်မံထိမ်း မြားတာ ဒါမှမဟုတ် တရားမဝင်ပေါင်းသင်းနေထိုင်တာမျိုးကို တားမြစ်ထားတဲ့အချက်ကို ကျွန်မ အနေနဲ့ မသိခဲ့ပါဘူး။ ကျွန်မကို မောင်စွန့်ပစ်သွားတာ၊ အထောက်အပံ့မပေးခဲ့တာကြာပါပြီ။ သို့သော် တရားဝင်ကွာရှင်းထားတဲ့ စာချုပ်ကိုတော့ မောင်နဲ့ ကျွန်မ ပြုလုပ်ထားခြင်းမရှိလို့ ကျွန်မမှာ အထောက်အထား ရှိမနေပါ။ မောင် တရားစွဲဆိုခဲ့တဲ့ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပုဒ်မ - ၁၃ အရ အာမခံမရမီ အချုပ်ထဲတွင်ရှိခိုက် ကျွန်မစဉ်းစားမိတာက ... “ဝဋ်ကျွေးရှိရင် ဒီဘဝကျေအောင်ဆပ်လိုက်ပါမယ် မောင်ရယ် .. .” လို့သာ..........။ (M.T) သောင်ရင်းမယ်
အချစ်လား၊ ဝဋ်လား ( တလင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအကြောင်း) အချစ်လား၊ ဝဋ်လား ( တလင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအကြောင်း) Reviewed by Thaungyin Mae Institute on June 15, 2025 Rating: 5