သမီးလေး ‘မိကဲ’ (ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၂၉ အကြောင်း သိကောင်းစရာ)



 သမီးလေး ‘မိကဲ’

တနေ့မှာ အသက်(၅၀)ဝန်းကျင်ခန့် အသားခပ်လတ်လတ် မပိန်မဝဘဲ ကိုယ်ခန္ဓာအချိုးအစား လှပြီး အလွန်ကြည့်ကောင်းတဲ့အမျိုးသမီးကြီးတစ်ဦး ကျွန်မဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ခဲ့ပါတယ်။ သူ့မရဲ့မျက်နှာမှာ ငိုထားတဲ့အနေအထားမို့ထင်ပါရဲ့။ မျက်လုံးမှာလည်း မျက်ရည်စတွေ နဲ့ပါ။ အတော်ဝမ်းနည်းနေတဲ့ပုံစံကို မြင်တွေ့လိုက်ရပါတယ်။
ကျွန်မက “ဘာကိစ္စရှိလို့လဲ အန်တီ..” လို့ မေးလိုက်တဲ့အခါ ....
“ဆရာမလေးရယ်....ကျွန်မ သမီးလေးအ သ တ် ခံရလို့ပါ..... ။”
ထိုအန်တီရဲ့ စကားကြောင့် နားထောင်နေသူ ကျွန်မကိုယ်တိုင်တုန်လှုပ် ခြောက်ခြားသွားခဲ့ ရပါတယ် ...။
အမျိုးသမီးကြီးမှ...
“ကျွန်မစျေးသွားနေတုန်း ခြေရင်း‌အိမ်ကအရက်သမားက သမီးလေးကို သ တ် လိုက်တာဖြစ်မယ်။ ကျွန်မ စျေးကပြန်လာချိန် သမီးလေးကိုခေါ်တော့ ရောက်မလာခဲ့ဘူး။ အိမ်ထဲရော၊ အိမ်အပြင် ဘက်ရော နေရာအနှံ့လိုက်ရှာလိုက်တော့မှ ခြံစည်းရိုးနှစ်ခုကြားမှာ သွေးတွေအိုင်နေတာကိုတွေ့ရ တယ်။ သမီးလေးက ကံဆိုးရှာပါတယ် ....ဆရာမရယ်။”
“အန်တီ့ရဲ့သမီးလေးအ သ တ် ခံရတာ ရဲကိုအကြောင်းမကြားဘူးလား၊ ခု အန်တီ့သမီးလေးရဲ့ အ လော င်း ကရော ဘယ်မှာလဲ၊ ဘယ်လိုလုပ်ထားလိုက်ပြီလဲ....ဟင်။”
ကျွန်မလည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် မေးလိုက်ပါတယ်။
အန်တီကြီးကဆိုပြန်တယ်... ။
“အလောင်းကတော့မရှိတော့ဘူး ဆရာမလေးရေ..။ သူတို့တွေ အရက်ဆိုင်ကို ယူသွားပြီး စားလိုက်ကြတယ်။ အခုပဲ ကျွန်မ အဲ့ဒီအရက်ဆိုင်ပိုင်ရှင်ဆီမှာ စုံစမ်းခဲ့ပြီး သေချာသိတော့မှ ဆရာမ လေးဆီ ထွက်လာခဲ့တာပါ။ ပြီးတော့ ကျွန်မသမီးလေးမှာ ကလေးလေးတွေကျန်ခဲ့သေးတယ်။ နို့လည်း မပြတ်ကြသေးဘူး။ ခုဆို ကလေးတွေကလည်း နို့ဆာလွန်းလို့ အရမ်းကို အော်နေကြတယ် ဆရာမလေးရယ်။ ဒီအရက်သမားတွေက လူစိတ်ကို မရှိကြဘူး။ ကျွန်မလဲ ဘာလုပ်ရမယ်မှန်းမသိ တော့လို့ ဆရာမလေးနဲ့ တိုင်ပင်ချင်တာ။”
“အန်တီပြောတဲ့ သမီးလေးဆိုတာက ....”
“ကြောင်မလေးပါ ဆရာမလေးရေ။ ချစ်လွန်းလို့ သူ့ကို ‘မိကဲ’လို့အမည်ပေးထားတာ။ ‌ကြောင်မလေးဆိုပေမယ့် သမီးလေးလိုပါပဲ။ လူစကားလည်း အရမ်းနားလည်တယ်။ လူတွေရဲ့ အရိပ် အကဲကိုကြည့်ပြီး နေတတ်တယ်။ အရမ်းသိတတ်တဲ့သမီးလေး။ လွန်ခဲ့တဲ့(၂)နှစ်က ကျွန်မရဲ့သူငယ် ချင်းတစ်ယောက် လက်ဆောင်ပေးထားတာ (Korat)အမျိုးအစားလို့ပြောတယ်။ အဲဒီတုန်းကတောင် ကျပ်တစ်သိန်းခွဲ ပေးခဲ့ရတာဆိုတော့။ ခု‌ဆို ဒီစျေးနဲ့မရတော့ဘူး။ စျေးပိုကြီးနေမှာ သေချာတယ်။ လက်ဆောင်ပေးတဲ့သူငယ်ချင်းကလည်း မနှစ်ကဆုံးသွားပြီ။ ကျွန်မအတွက် မိကဲလေးက ကလေး လေးလိုတစ်မျိုး၊ အဖော်လိုတမျိုးနဲ့‌ နေနေတာမို့၊ တနေ့တနေ့ သူနဲ့ဆို အချိန်တွေဘယ်လိုကုန်လို့ ကုန်သွားမှန်း မသိပါဘူး.. ဆရာမလေးရယ်။ ကျွန်မကို မိကဲလေးအစား တခြားတစ်ကောင် အစား ထိုးပြန်ပေးမယ်ဆိုလည်း မလိုချင်ပါဘူး။ သမီးလေးကို ‌ေ သ အောင် သ တ် လိုက်တဲ့ အရက်သမားတွေ ကိုပဲ မကျေနပ်ဘူး။ သူတို့ကို သ တ် ကို သ တ် ပစ်ချင်နေတာ။ ကျွန်မ သူတို့ကို ဘာလုပ်လို့ရလဲ ဟင်”
“သြော် ဒါဆို ဒါက ကြော င် သ တ် စား လိုက်တဲ့အမှုပေါ့နော်။”
“အန်တီ့ရဲ့သမီးလေး မိကဲမှာ ပိုင်ရှင်ရှိနေတာရယ် အန်တီ့ အကျိုးစီးပွားကို ထိခိုက်စေတာတွေကြောင့် သ တ် လိုက်တဲ့သူတွေကို အကျိုးဖျက်ဆီးမှုအနေနဲ့ တိုင်တန်းလို့ရပါတယ်....”
လူမှုအသိုင်းအဝိုင်းတွေမှာ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်ခြင်းကနေ ကာကွယ်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို လေးစားလိုက်နာဖို့ ပြဌာန်းထားတဲ့ ဥပဒေတွေရှိနေတဲ့အတွက် အမှုဖွင့် အရေးယူလို့ ရပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၂၉ ကတော့ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ အဓိကရည်ရွယ် ပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။
ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ကုလားအုပ်လိုမျိုး အရေးကြီးပြီး (လူတွေအတွက်အကျိုးပြုနေတဲ့) တိရစ္ဆာန်တွေအပြင် တန်ဖိုးကျပ် (၅၀၀၀/-)နဲ့ အထက်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကို သ တ် လိုက်တာ၊ အဆိပ်ခတ်လိုက်တာ၊ အင်္ဂါပျက်ယွင်းအောင်လုပ်တာဆိုရင် ပြစ်မှုကျူးလွန်ရာရောက်နေ ပါပြီ။ အင်္ဂါချို့ယွင်းအောင်လုပ်တယ်ဆိုတာကလည်း အန်တီရယ်။ ခြေလက်တွေကို ကျိုးပဲ့အောင်လို့ လေးခွနဲ့ပစ်တာ၊ လေ‌သေနတ်နဲ့ပစ်လိုက်တာ၊ အရာဝတ္တုတခုခုနဲ့ ထိခိုက်အောင်လုပ်လိုက်တာမျိုး ပေါ့။ အဲဒီလိုမျိုးတွေဆို ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလို့ရပါတယ်။ ဒီလိုအမှုက ရဲအရေးယူပိုင်တဲ့ အမှုပါ။ ဝရမ်းထုတ်ပြီးဖမ်းဆီးနိုင်တယ်။ အာမခံတော့ပေးရပြီး ကျေအေးခွင့်တော့မရှိပါဘူးနော်။ အမှု စစ်ဆေးလို့ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ရင်တော့ ကျူးလွန်တဲ့သူတွေကို ထောင်ဒဏ်(၅)နှစ် ဒါမှမဟုတ် ငွေဒဏ်ဆိုပြီး ပြစ်ဒဏ်ချလို့ရသလို ဒဏ်(၂)ရပ်လုံးကို ပြစ်ဒဏ်ချလို့ရပါတယ်။
ဒါတင်ပဲလားဆိုတော့ ရှိပါသေးတယ်။ ခြေရင်းအိမ်ကလူတွေ မိကဲကို သ တ် ဖို့ဖမ်းတဲ့အခါ အန်တီ့ရဲ့နေထိုင်ရာ အိမ်ခြံဝင်းထဲကို ကျူးကျော်ဝင်ရောက်ပြီး ဖမ်းခဲ့တာလားဆိုတာကလည်း ရှိပါ သေးတယ်။ ဒီလိုဆိုရင်တော့ သူတို့တွေက ရာဇဝတ်မကင်းတဲ့အိမ်ကျော်နင်းမှုကို ကျူးလွန်တာပါပဲ။
ဘယ်သူမဆို လူနေအိမ်အဖြစ်အသုံးပြုတဲ့ အ‌ဆောက်အဦး၊ တဲ၊ ဒါမှမဟုတ် ရေယာဉ် ၊ ပစ္စည်း သိုလှောင်တဲ့ နေရာကို လူတကိုယ်လုံး မဟုတ်ဘဲ၊ လက်၊ ခြေ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုက ဝင်ရောက်ရင်တောင် ရာဇဝတ်မကင်းတဲ့ အိမ်ကျော်နင်းမှုကို ကျူးလွန်တာဖြစ်ပါတယ်။ ဒါကတော့ ရာဇသတ်ကြီးပုဒ်မ- ၄၄၈ နဲ့ငြိစွန်းပါတယ်။ ရာဇဝတ်မကင်းတဲ့အိမ်ကျော်နင်းမှုကို ကျူးလွန်ရင်တော့ တစ်နှစ်ထိထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ကျပ်တစ်သိန်းထိ ပြစ်ဒဏ်ချလို့ရသလို ဒဏ်နှစ်ရပ်လုံး လည်း ချမှတ်လို့ရပါတယ်။ ဦးစွာ ဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်ပြီး အာမခံပေးလို့ရတဲ့အမှုမို့ အာမခံ တော့ပေးပါလိမ့်မယ်....။ ဒီလို အမှုမျိုးတွေက ရဲအ‌ရေးယူပိုင်ခွင့်ရှိပြီး ကျေအေးခွင့်လည်း ရှိပါတယ်။”
“ကျွန်မကတော့ သမီးလေးကို သ တ် လိုက်တဲ့သူတွေကို...လုံးဝ...ကျေအေးမပေးနိုင်ပါဘူး.... ဆရာမလေးရယ်....”
“ဒါက ဥပဒေမှာပြဌာန်းထားတာတွေကို ရှင်းပြတာပါ။ ကျေအေးတာ မကျေအေးတာက အန်တီ့ သဘောပါ.....။ အဲ့ဒီတော့... မိကဲကို သ တ် လိုက်တာက ခြေရင်းအိမ်ကလူဖြစ်တာကို အန်တီ ကိုယ်တိုင်လည်း စုံစမ်းလာပြီးပြီ..။ သက်သေအထောက်အထားကလည်း ခိုင်လုံနေမှတော့ ရဲစခန်း မှာသာ အမှုအမြန်သွားဖွင့်လိုက်ပါတော့။”
နောက်လအနည်းငယ်အတွင်း ထိုအန်တီကြီးရဲ့သမီးလေး မိကဲကို သ တ် စာ း လိုက်တဲ့သူတွေ ထောင်ကျသွားပါတော့တယ်။ အန်တီကြီးတစ်ယောက်ကတော့ သူ့သမီးလေးအတွက် တရားမျှတမှု ကို ပြန်ရှာပေးနိုင်သွားလို့ ကျေနပ်နေမယ်ထင်ပါရဲ့လေ။
သတ္တဝါများအားလုံး ညှဉ်းပန်းနှိပ်စက်ခံရခြင်းမှ ကင်းဝေးကြပါစေဟုဆန္ဒပြုလျက်........
(M.T) သောင်ရင်းမယ်
သမီးလေး ‘မိကဲ’ (ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၂၉ အကြောင်း သိကောင်းစရာ) သမီးလေး  ‘မိကဲ’ (ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၂၉ အကြောင်း သိကောင်းစရာ) Reviewed by Thaungyin Mae Institute on June 10, 2025 Rating: 5