အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကွာရှင်းခြင်း အကြောင်း

 အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကွာရှင်းခြင်း အကြောင်း






အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ဘာလဲ?

အားလုံးကတော့ မိမိနားလည်တဲ့ပုံစံနဲ့ အဓိပ္ပါယ်တွေဖွင့်ဆိုကြတာပါပဲ။ အများအား ဖြင့်ကတော့ အိမ်ထောင်သည်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေကို ပြောတာပဲပေါ့။

အိမ်ထောင်သည် လင်မယားတွေကြား အမျိုးသမီးဖြစ်သူက အမြဲလိုလို အရိုက်အနှက် ခံနေရတဲ့ ကိစ္စတွေကြားဖူး၊  ကြုံဖူးကြပါလိမ့်မယ်။ 

ဘယ်လိုဖြေရှင်းကြမလဲ? 

မြန်မာနိုင်ငံရဲ့ဥပဒေအရ အမျိုးသမီးတွေအတွက် အပြည့်အဝအကာအကွယ်ရမှာ လား။ ရနေပြီလား ဆိုတဲ့မေးခွန်းတွေလည်း ပြန်ထုတ်စရာရှိပါတယ်။    


ဖြေရှင်းနည်းတွေကတော့ တစ်မှုနဲ့တစ်မှု အခြေအနေမတူနိုင်ကြပါဘူး။  

အမှုဖြစ်စဉ် သဘာဝအရ အမျိုးသမီးနဲ့အမျိုးသားမှာ အမျိုးသမီးကပဲအားနွဲ့တာ ကြောင့် လက်ရောက်မှုကျူးလွန်ခံရတဲ့ သားကောင်တွေအဖြစ် အမျိုးသမီးအများစုကို တွေ့ ရနိုင်ပါတယ်။ 

အိမ်တွင်းအကြမ်းဖက်မှုခံစားနေရတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ သတ္တိ မွေးပြီး လွတ်‌မြောက်ဖို့အကြိမ်ကြိမ် ကြိုးစားကြတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ကြိုးစားပေမဲ့ အမျိုးသားက ကွာရှင်းခွင့်မပေးရင်ရော ဘယ်လိုလုပ်မလဲ?

ကွာရှင်းခွင့်တောင်းရင်ရော ရမှာလား?

ကွာရှင်းခွင့်ရဖို့ဆို ဘာတွေလိုမလဲ?

အမျိုးသားက သဘောမတူရင်ရော ကွာရှင်းလို့ရမှာလား?

ကွာရှင်းခွင့်မရရင် ဒီ့ထက်ပိုဆိုးတဲ့ အနိုင်ကျင့်မှုတွေ ဆက်ခံနေရဦးမှာလား? 

စတဲ့ မေးခွန်းတွေလည်း  ကိုယ်တွေ့ကြုံဖူးကြတဲ့ အမျိုးသမီးတိုင်း မေးချင်နေကြတဲ့ မေးခွန်း တွေပဲ ဖြစ်လိမ့်မယ်။

  ကွာရှင်းကြမယ်ဆိုရင်တော့ ကာယကံရှင် နှစ်ဦးလုံးသဘောတူတဲ့အခါ လွယ်လွယ် ကူကူဖြေရှင်းလို့ရနိုင်ပေမဲ့ သဘောမတူတဲ့အခါဆိုရင် ကွာရှင်းလို့ရပါ့မလားဆိုတဲ့ မေးခွန်း တွေကလည်း ကျူးလွန်မှုကို ခံစားရနေတဲ့ အမျိုးသမီးတွေအတွက် ရဲရဲဝံ့ဝံ့မဆုံးဖြတ်နိုင်တဲ့ အကြောင်းအရင်း တစ်ခုပေါ့။

ဒါက လွယ်ပါတယ် .... 

‘’အမျိုးသားက မကွာချင်ဘူး’’၊ ‘’ကွာရှင်းဖို့ စိတ်ဆန္ဒမရှိဘူး” ဆိုတဲ့အခါ တရားရုံးမှာ ကွာရှင်းဖို့အတွက် တရားစွဲလို့ရပါတယ်။

“လင်မယားကွာရှင်းပေးစေလိုမှု” ပါ 

အမျိုးသားကို တရားစွဲလိုက်ပေမဲ့ တရားရုံးကိုမလာရင် ဘာဖြစ်မလဲ? 

ကွာရှင်းခွင့်ဆိုတာကရော နှစ်ဦးလုံးတရားရုံး သွားမှ ရမှာလား?

အမျိုးသားမလာရင် ကွာရှင်းခွင့် အထမမြောက်ဘူးလား?

တရားရုံးကိုရော မလာဘဲနေလို့ရလား? 

ဆိုတဲ့ မေးခွန်းတွေလည်း မေးလာနိုင်ပါတယ်။ 

အဖြေကတော့ မလာရင်လည်း ဘာမှမဖြစ်ပါဘူး။

ကျူးလွန်ခံရတဲ့ အမျိုးသမီးက ‘’လင်မယားကွာရှင်းပေးစေလိုမှု” စွဲဆိုလိုက်တဲ့အပေါ် အမျိုးသားက အကြောင်းအမျိုးမျိုးကြောင့် တရားရုံးကိုမလာရင် တဖက်သတ်အမှုစစ်ဆေး ပေးဖို့ တရားရုံးကိုလျှောက်လို့ ရပါတယ်။ 

တရားရုံးကတော့ လုပ်ထုံးလုပ်နည်းအတိုင်း တစ်ဖက်သတ်စစ်ဆေးဖို့ ခွင့်ပြုပါ လိမ့်မယ်။ အချိန်တော့ နည်းနည်းလိုပါတယ်။ 

တရားရုံးက တဖတ်သက်အမှုစစ်ဆေးဖို့ ခွင့်ပြုပြီးရင်တော့.... 

‘’ရက်စက်မှုမြောက်မမြောက်” ဆိုတဲ့ အချက်ကိုတော့ ကျူးလွန်ခံရသူအမျိုးသမီး ဘက်က ပေါ်လွင်အောင်သက်သေပြဖို့ လိုပါလိမ့်မယ်။

‘’မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ” မှာ ရက်စက်မှုနဲ့ပတ်သက်ပြီး သာမန်ရက်စက်မှုနှင့်  ကြီးလေးတဲ့ရက်စက်မှုဆိုပြီးရှိတာမို့  ရက်စက်မှုမြောက်ကြောင်း သက်သေပြဖို့ မဖြစ်မနေ လို အပ်ပါတယ်။  

‘’ရက်စက်မှု” ဆိုတာကလည်း ကိုယ်ခန္ဓာထိခိုက်နာကျင်မှုတစ်ခုတည်းမဟုတ်ပါဘူး၊ စိတ်၏ဆင်းရဲခြင်းတွေလည်းပါဝင်တယ်။  ရက်စက်မှုဆိုတာကလည်း နည်းအမျိုးမျိုးဖြစ်နိုင်ပါ တယ်။ အချို့သောစိတ်ဒုက္ခခံစားရမှုတွေခံစားရအောင် ရက်စက်အောင်ပြုကျင့်လို့ ကွာရှင်းခွင့် ရနိုင်ပါ တယ်။ 

“မောင်ဖိုးအောင်နှင့်မညိမ်း၊ ၁၀၊ ဘီအယ်အာ၊ ၁၃၂” အမှုမှာဆိုရင်.....

လင်ဖြစ်သူက မယားဖြစ်သူအား နာကျည်းအောင် လင်ငယ်နေတယ်လို့ အမြဲတမ်း မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာဟာလည်း ရက်စက်မှုမြောက်တယ်လို့ ဆုံးဖြတ်ထား တာတွေရှိပါတယ်။

ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကျတော့ တစ်ကြိမ်တစ်ခါရိုက်တယ်ဆိုရင် တောင် ရက်စက်မှုမြောက်တယ်လို့ ထုံးဖွဲ့ထားတဲ့ စီရင်ထုံးတွေ အများကြီးရှိနေပါတယ်။ ဒီလို သာဓကတွေရှိခဲ့လို့ ဘယ်လိုရက်စက်မှုမြောက်တယ်ဆိုတာကိုတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးအနေနဲ့က သက်သေပြဖို့ အရေးကြီးပါတယ်။ 

အမှုစစ်ဆေးပြီးလို့ ကွာရှင်းခွင့်အနိုင်ဒီကရီကျလာရင် ကျူးလွန်သူအမျိုးသားထံမှ လက်မှတ်မလိုဘဲ တရားရုံးအမိန့်အရ ကွာရှင်းပြီးဖြစ်ပါတယ်။

ကွာရှင်းခွင့်လျှောက်လိုက်တဲ့ ကျူးလွန်ခံရသူအမျိုးသမီးက  ကွာရှင်းခွင့်အနိုင်ဒီဂရီ ရသွားတဲ့အခါမှာတော့  စိတ်သစ်၊ လူသစ်၊ ဘဝသစ်နဲ့ လွတ်လပ်စွာ ပျံသန်းနိုင်ပါပြီနော်  . . . 

အခုရေးပြခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဖြစ်တာမို့ ဒီလိုကွာရှင်းလို့ရတာဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ အမျိုးသမီးများအတွက်ပဲဖြစ်ပါတယ်နော်။ နောင်များမှ အခြားသက်ဆိုင်ရာဘာသာဝင်အမျိုးသမီးများအတွက် ဆက်လက်ရေးသား တင်ပြပါဦးမှာမို့ သောင်ရင်းမယ်ရဲ့ စာတွေကို ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါဦးနော်။



(M.T) သောင်ရင်းမယ်

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကွာရှင်းခြင်း အကြောင်း  အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကွာရှင်းခြင်း အကြောင်း Reviewed by Thaungyin Mae Institute on July 09, 2025 Rating: 5