မ ‘အ’ကြ နဲ့... ညီမလေးတို့ရေ
ကျွန်မ ရုံးခန်းမှာထိုင်နေတုန်း အသက်(၂၀)ကျော်အရွယ်ခန့်ရှိအမျိုးသမီးငယ်လေးတစ်ဦး ရုံးခန်းရှေ့လမ်းမပေါ်မှာ ခေါက်တုံ့၊ခေါက်ပြန်လမ်းလျှောက်နေသည်ကို သတိထားမိလိုက်စဉ်မှာပဲ ထိုအမျိုးသမီးငယ်လေးနှင့် ကျွန်မ အမှတ်မထင်မျက်လုံးချင်း ဆုံမိသွားခဲ့ပါတယ်။ အမျိုးသမီးငယ် လေးရဲ့ ပုံစံကိုကြည့်မိတော့လည်း ခပ်နွမ်းနွမ်းနှင့် မျက်လုံးမှာလည်း ဝမ်းနည်းအားငယ်တဲ့ အရိပ် အယောင်တွေ အများကြီးတွေ့လိုက်ရပါတယ်။ ထိုအချိန်လေးအတွင်းမှာပဲ အမျိုးသမီးငယ်လေးက “ဆရာမရေအမှုကိစ္စလေးတိုင်ပင်ချင်လို့ပါ” ဆိုပြီး ကျွန်မရုံးခန်းထဲကို ဝင်လာပါတော့တယ်။ ကျွန်မ ကလည်း “ရပါတယ်... ထိုင်ပါဦး”ဆိုပြီး ကျွန်မစားပွဲရှေ့ကထိုင်ခုံမှာ သူမကိုထိုင်ခိုင်း လိုက်ပါတယ်။
အမျိုးသမီးငယ်လေးမှာ တော်တော်နဲ့စကားမပြောနိုင်သေးဘဲ ကျွန်မကိုပဲ ဒီအတိုင်းထိုင်
ကြည့်နေတာမို့ သူမရဲ့ အတွေးပျံ့လွင့်နေပြီး စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတာကို သတိထားမိလိုက်ပါ
တယ်။ ဒါ့ကြောင့် ကျွန်မကပဲ အမျိုးသမီးငယ်လေးကို “ညီမလေး ဘာကိစ္စရှိလို့လဲ၊
ဘာတိုင်ပင်ချင် လို့လဲ”ဟု အစချီပြီးမေးလိုက်တော့မှ သူမက ဘေးပတ်ဝန်းကျင်ကို စိုးရိမ်ထိတ်လန့်နေတဲ့မျက်လုံး
တွေနဲ့ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် “ဒီမှာ
အမျိုးသားတွေတော့ မရှိပါဘူးနော်’’ ဆိုပြီး ကြောက် ကြောက် လန့်လန့်နဲ့ ပြန်မေးလာပါတော့တယ်။
ကျွန်မက “ဘယ်သူမှမရှိပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်” လို့ ပြောလိုက်တော့မှပဲ
အမျိုးသမီးငယ်လေးက ......
“အိမ်ထောင်ရေးကိစ္စ တိုင်ပင်ချင်လို့ပါ ဆရာမရယ်။ ဖြစ်ပုံကဒီလိုပါ။ ကျွန်မက
ရေအေးရွာ (အမည်လွှဲ)မှာနေပါတယ်။ ကျောင်းကတော့ အလယ်တန်းပဲ တက်ခဲ့ဖူးပါတယ်။
ရွာမှာနေတုန်း ကတော့ စပါးစိုက်၊စပါးရိတ်ကျပန်းအလုပ်တွေအစုံ အကုန်လုပ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူက
ရွာကို အလည်လာရင်း နှစ်ဦးချစ်ကြိုက်ကြပြီး ရွာဓလေ့အတိုင်း လူကြီးစုံရာရှေ့မှာ
လက်ထပ်လိုက်ကြပြီးမှ အမျိုးသားဝာာဝန်ကျရာ ဒီမြို့ကို လိုက်လာခဲ့တာပါပဲ။ ခုဆို
အမျိုးသားဖြစ်သူနဲ့ အိမ်ထောင်ကျတာ (၈)နှစ်ကျော်ပါပြီ။ ကလေး(၁) ယောက်လည်း ရှိပါတယ်။
အမျိုးသားက (........)ဌာနရဲ့ အစိုးရ ဝန်ထမ်းပါ။ ဥပဒေကိုနားလည်တယ် ... ဆရာမ။ ကျွန်မတို့
အိမ်ထောင်ရေးက အစကတော့ အဆင် ပြေပါတယ်။ ယောက္ခမအိမ်ရဲ့ ဝေယျာဝစ္စတွေ ကူလုပ်ပေးနေတာဆိုတော့
သူတို့အားလုံးကလည်း ကြည်ဖြူကြပါတယ်။
နောက်ပိုင်း ကလေးကလည်းကျောင်းတက်တဲ့ အရွယ်ရောက်လာတော့ ဝန်ထမ်းလစာနဲ့ မလောက်ငှတာနဲ့ အရပ်ထဲမှာ အဝတ်လျှော်၊
မီးပူတိုက်၊ ခိုင်းတာလေးတွေကူလုပ်ပြီး အပိုဝင်ငွေ ရအောင် ကြိုးစားလာရတယ်။ ဒီလိုနဲ့
ကလေးပညာရေးကတော့ အဆင်ပြေလာလို့ ညီမလည်း ပင်ပန်းပေမဲ့ မမောနိုင်ပါဘူး ... ဆရာမရယ်။
ယောက္ခမအိမ်ရဲ့ဝေယျာဝစ္စကိုတော့ ကူမလုပ်ပေး နိုင်တော့ဘူးလေ .....။ နောက်ပိုင်း
အမျိုးသားက ညဂျူတီကျတယ်ဆိုပြီး ညညဆို ပြန်မလာတာ
အတော်ကြာပါပြီ။ လစာကိုလည်း ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ပြန်မအပ်တော့ပါဘူး။
မေးရင်လည်း အရိုက်ခံရမှာကြောက်လို့ မမေးရဲဘူး။ သိရသလောက်တော့ သူတွဲနေတဲ့ အမျိုးသမီးကို
ထောက်ပံ့တယ်လို့ ကြားတာပါပဲ။
ကျွန်မတို့ လင်မယားနှစ်ယောက် အစတုန်းကတော့ သာမန်စကားများတာလောက်ပဲ ရှိကြ တာပါ။
ကိုယ်ထိလက်ရောက်လုပ်လာတာကတော့ (၃)နှစ် လောက်တော့ရှိပါပြီ။ အဲ့ကတည်းက အမျိုးသားက
စကားများတိုင်းဆဲတယ်။ ရိုက်တယ်။ အားမမျှတော့ ပြန်လုပ်လဲ ညီမပဲခံနေရတာပါ။ ညီမက ပြန်ခံလုပ်တဲ့အခါဆို
ပိုပြီးအရိုက်ခံရလို့ ခုဆိုပြန်မလုပ်ဘဲ ကြိတ်ခံနေတာ ကြာပါပြီ။ အမျိုးသားက
ညီမကိုရိုက်တဲ့အခါတိုင်း ညာဘက်ခေါင်း၊ ညာဘက်လက်၊ ညာဘက်ခြေထောက် တွေကိုပဲ အမြဲရိုက်ပါတယ်။
ဒီမှာကြည့်ပါဦး။” ဆိုပြီး ဒါဏ်ရာတွေပြတော့....
ကျွန်မလည်း ကြည့်ပြီးတအံ့တသြဖြစ်မိပါတယ် .....။ သူ့ခန္ဓာကိုယ်ရဲ့
ညာဘက်တစ်ခြမ်းလုံး ဖြစ်တဲ့ ခေါင်း၊ပုခုံး၊ပေါင်တွေမှာ ဖူးယောင်၊ညိုမဲပြီး သွေးခြေတွေကိုဥလို့ပါပဲ။
အမျိုးသမီးငယ်လေးက ထပ်ရှင်းပြပါတယ်။
“ကျွန်မအမျိုးသားက ရိုက်တဲ့အခါတိုင်းပြောနေကျစကားရှိပါတယ်။ နင့်ကိုရိုက်တာ
ညာဘက် တွေကိုပဲ ရိုက်တာမို့ အပြစ်မရှိဘူး။ အဲ့ဒါကို နင်မြဲမြဲမှတ်ထား ဆိုတဲ့စကားကတော့
ပြောနေကျပါပဲ။ ဘယ်ဘက်ကိုရိုက်မှအပြစ်ရှိတာ။
ငါက ဥပဒေကိုသိလို့ ညာဘက်တွေကို ပဲရိုက်တာ။ နင် ဘယ်မှာ သွားတိုင်တိုင်အလကားပဲလို့ပြောထားလို့
မတိုင်ရဲပါဘူး ဆရာမရယ်။ ခုတော့ သည်းမခံနိုင်တော့တဲ့ အဆုံး ဒီလူနဲ့မပေါင်းနိုင်တော့ဘူး။
တရားရုံးမှာသွား တိုင်မယ်ဆိုပြီး ထွက်လာခဲ့ရတာပါ။ ကူညီပါဦး။” ဆိုပြီး ဝမ်းပမ်းတနဲငိုနေပါတော့တယ်။
ကျွန်မက “ညီမဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ။ ခုကိစ္စမှာ
ဥပဒေကြောင်းအရတော့ (၂)မျိုး လုပ်လို့ရပါတယ်။
·
ပထမတစ်ခုက
ရာဇဝတ်ကြောင်းအရ အမှုဖွင့်တာရယ်၊
·
ဒုတိယတစ်ခုကတော့
တရားမကြောင်းအရ ကွာရှင်းခွင့်တောင်းတာတွေလုပ် လို့ ရပါတယ်” လို့ကနဦး
အကြမ်းဖျဉ်းရှင်းပြပေးလိုက်တဲ့အခါ
သူမက “ဟုတ်ကဲ့ပါဆရာမ ကျွန်မကတော့ ဒါတွေနားမလည်ပါဘူး။ သူအမျိုးမျိုးနှိပ်စက်တာ
တွေကို ကျွန်မ ခံခဲ့ရတာတွေများနေလို့ သူ့ကိုထောင်ချလို့ရရင် ချချင်ပါတယ်။
ကူညီပေးပါဦးနော်” ဆိုပြီး ပြောလာတယ်။
“ထောင်ချတယ်ဆိုတာထက် ဒါကို ရာဇဝတ်ကြောင်းအရ အမှုဖွင့်တယ်လို့ခေါ်တယ် ညီမရေ။
ရာဇဝတ်ကြောင်းအရ အမှုဖွင့်မယ်ဆိုရင် အရေးယူနိုင်တဲ့အချက်ရှိဖို့လိုပါတယ်။ အဲ့ဒါမှ
အမှုဖွင့် အရေးယူလို့ရမှာမို့ ပုဒ်မတွေသိအောင် အကြမ်းဖျဉ်းလောက်ရှင်းပြပေးမယ်နော်။ ဆဲတယ်ဆိုရင် လည်း ဆဲတဲ့အတွက် အမှုဖွင့်လို့ရပါတယ်။
ဆဲတာကလည်း ရာဇဝတ်မှုမြောက်ပါတယ်။ ဘယ်လို ဆဲတယ်ဆိုတာမျိုး၊ ဆဲပုံဆဲနည်းအတိအကျကိုတော့
ပေါ်လွင်အောင် ပြောပြဖို့တော့လိုပါတယ်နော်။
စိတ်ငြိုငြင်အောင်ဆဲဆိုခြင်း - ဘယ်သူမဆို အခြားသူတွေကို စိတ်ငြိုငြင်အောင် ညစ်ညမ်းတဲ့ ကဗျာ၊ အလင်္ကာ၊ သီချင်း၊ စကား တစ်မျိုးမျိုးကိုရွတ်ဆိုတာ၊
ပြောဆိုတာတွေလုပ်ရင် ရာဇဝတ်မှု မြောက်ပါတယ်။ အမျိုးသားဖြစ်သူက ညီမကိုဆဲဆိုနေတာဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၉၄ အရ အမှုဖွင့်လို့ရပါတယ်။
ဒီပုဒ်မက ရဲအရေးယူပိုင်ခွင့်ရှိတာမို့ ရဲစခန်းမှာအမှုဖွင့်တိုင်တန်းလို့ ရပါ တယ်။
ဒီလိုတိုင်တဲ့အခါ ရဲက သူ့ကိုဖမ်းပါလိမ့်မယ်။ ဒါပေမယ့် ဒီအမှုမျိုးက အာမခံပေးလို့ရတဲ့အမှုမို့
အာမခံတော့ရလိမ့်ပါမယ်၊၊ နောက်ပိုင်း ညီမဘက်ကနေ ကျေအေးပေးချင်တဲ့အခါ ကျေအေးခွင့် လည်း
ရှိပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ရင်တော့ ထောင်ဒဏ်(၃)လထိ ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါနှစ်မျိုးလုံးလဲ
ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ တရားရုံး ရောက်ရင်တော့ ဆဲတာကို အတိအကျ ထွက်ဆိုရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် .. ညီမ အမျိုးသားက
ညီမကိုရိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ညာဘက်ပဲရိုက်ရိုက်၊ ဘယ်ဘက်ပဲရိုက်ရိုက် ရာဇဝတ်မှုမြောက်တယ်နော်။
ဘယ်သူမဆို လူတစ်ယောက်ကို ကိုယ်အင်္ဂါ နာကျင်အောင်
ဒါမှမဟုတ် အနာရောဂါစွဲကပ်အောင်၊ ချည့်နဲ့အောင် ပြုလုပ်လိုက်ရင် နာကျင်စေမှု မြောက်ပါတယ်နော်။ နာကျင်စေမှုထဲမှာမှ သာမန်နာကျင်စေမှုနဲ့
အပြင်းအထန် နာကျင်စေမှုဆိုပြီး ဥပဒေမှာတော့ အမျိုးအစားခွဲခြားသတ်မှတ်ထားတာ ရှိပါသေးတယ်။
သာမန်နာကျင်စေခြင်း
ရာဇသတ်ကြီးပုဒ်မ - ၃၂၃
မှာ လူတစ်ဦးတစ်ယောက်ကို
ကိုယ်အင်္ဂါနာကျင်စေတာ၊ ဒါမှ မဟုတ် အနာရောဂါစွဲကပ်စေတာ၊ နာကျင်စေဖို့အကြံနဲ့ပြုတာ၊
နာကျင်စေမှန်းသိရက်နဲ့ပြုတာမျိုး တွေဆိုရင် ဒီပုဒ်မနဲ့ တရားစွဲဆိုလို့ ရပါတယ်။
ရဲအရေးမပိုင်လို့ တရားရုံးမှာဦးတိုက်လျှောက်ထား ရပါမယ်။ အာမခံပေးလိုရတဲ့အမှုမို့
အာမခံတော့ပေးပါလိမ့်မယ်။ ကျေအေးခွင့်လည်း ရှိပါတယ်။ ပြစ်ဒဏ်ကတော့ (၃)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး
ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ပြစ်ဒဏ်ချခံရနိုင်ပါတယ်။ ဒါကတော့
လွယ်လွယ်ပြောရရင် သာမန် နာကျင်စေမှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပါတယ်။
အပြင်းအထန်နာကျင်စေခြင်း
အပြင်းအထန်နာကျင်စေမှုကတော့ ရာဇသတ်ကြီးပုဒ်မ - ၃၂၅ ပါ။ ပြစ်မှုကျူးလွန်ရင်တော့
ထောင်ဒဏ် (၇)နှစ်တစ်မျိုးမျိုးချလို့ရတဲ့အပြင်၊ ငွေဒဏ်လည်း ပြစ်ဒဏ်အနေနဲ့ချမှတ်ခံရနိုင်တယ်။
ဒီအမှုကလည်း ရဲ အရေးပိုင်တာမို့ ရဲစခန်းမှာ အမှုဖွင့်နိုင်ပါတယ်နော်။ အပြင်းအထန်နာကျင်စေမှု
မြောက်စေတဲ့ အချက် (၈)ချက်တော့ရှိတယ်။ အဲ့ဒီ အချက်တွေကတော့....
(၁)
လူကိုသင်းကွပ်ခြင်း၊
(၂)
လူ၏မျက်လုံးတစ်ဖက်ကို အမြဲမမြင်အောင်ပြုခြင်း၊
(၃)
လူ၏နားတစ်ဖက်ကိုအမြဲမကြားအောင်ပြုခြင်း၊
(၄)
ကိုယ်လက်အင်္ဂါ အဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင်ပြုခြင်း၊
(၅)
ကိုယ်လက်အင်္ဂါ အဆစ်အမျက်တစ်ခုခုကို အင်အားကိုဖျက်ဆီးပြီး
အမြဲချို့တဲ့အောင်ပြုခြင်း၊
(၆)
ဦးခေါင်းကိုဖြစ်စေ၊ မျက်စိကိုဖြစ်စေ အမြဲရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ပြုခြင်း၊
(၇)
အရိုး ဒါမှမဟုတ် သွားကို ကျိုးအက်ကွဲအောင်ပြုခြင်း၊
(၈)အသက်အန္တရာယ်ကို
ဖြစ်အောင်ပြုခြင်းကြောင့် မိမိလုပ်ဆောင်မြဲအလုပ်ကို မလုပ်နိုင်ဘဲ ရက်ပေါင်း (၂၀)
ဆေးရုံတက်ရောက်ရခြင်းတွေပေါ့ကွယ်။
ဒီအချက်တွေကအများကြီးလဲဖြစ်တယ်။ ဥပဒေစကားလုံးတွေလဲဖြစ်တော့ အရပ်သားတွေ အနေနဲ့
လွယ်လွယ်ကူကူမှတ်မိနိုင်မယ်မထင်ဘူးနော်။
စိတ်မပူပါနဲ့။ အတိုချုံ့ပေးလိုက်ပါမယ်။ မှတ်လို့လွယ်စေချင်လို့ပါ ညီမလေးရေ ...။
သင်းကွပ်၊ မျက်ကွယ်၊ နားဝယ်မကြား၊ အဆစ်ကျိုးပဲ့၊
အင်အားချိနဲ့၊ ပဲ့သည့် ဦးခေါင်း/သွား မကောင်း က၊ ရက်ပေါင်း (၂၀)ဆေးရုံဝယ် ဆိုပြီးအလွယ်မှတ်ထားပြီး၊ အလွတ်သာကျက်ထား လိုက်တော့ နော်.... ညီမလေးရေ။
ကဲ...အခုတော့ ညီမလေးကို
အခုလိုရိုက်နှက်တာတွေက နာကျင်စေမှုဖြစ်တယ်ဆိုတာရယ်.... နာကျင်စေမှုမှာမှ
ဘယ်လိုအမျိုးအစားတွေရှိတယ်ဆိုတာကိုပါ ရှင်းပြခဲ့ပြီးပြီနော်။ ဒီလို နာကျင်စေမှု ဖြစ်ခဲ့ရင်တောင်
ဘယ်လိုလက်နက်အမျိုးအစားကိုအသုံးပြုပြီး ရိုက်နှက်ခဲ့တာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး
ပြစ်မှု၊ပြစ်ဒဏ်အမျိုးအစားတွေ ကွာခြားသွားပါသေးတယ်။
လက်နက်သုံးပြီးရိုက်နှက်တဲ့သာမန်နာကျင်စေမှု
ရာဇသတ်ကြီးပုဒ်မ - ၃၂၄ မှာဆို လက်နက်တစ်ခုခုကို အသုံးပြုပြီး နာကျင်စေခဲ့မယ်ဆိုရင်
သာမန်နာကျင်စေမှု မြောက်တယ်လို့ ပြဌာန်းထားပါတယ်။ (ဘယ်လက်နက်မျိုးဖြစ်ရမယ်ဆိုပြီး
သတ်မှတ်ထားတာ တော့မရှိပါဘူး။) အဲ့လိုလက်နက်နဲ့နာကျင်စေရင်တော့(၃)နှစ် အထိ ထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ ဒါမှမဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေအပြစ်ပေးခံရပါလိမ့်မယ်။
ရဲ အရေးယူပိုင်တဲ့ကိစ္စဖြစ်လို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားနိုင်ပါတယ်။
အာမခံရတဲ့ပုဒ်မဖြစ်ပေမဲ့ ကျေအေးခွင့်တော့မရှိပါဘူးနော်.... ။ ဒီပုဒ်မရဲ့
အဓိကအချက်ကတော့ နာကျင်အောင်လုပ်တဲ့ နေရာမှာ လက်နက်တစ်ခုခုကို အသုံးပြုခဲ့တာလား ဆိုတာပါပဲ။
ဘေးဖြစ်စေတတ်တဲ့လက်နက်ကိုအသုံးပြုပြီး အပြင်းအထန်နာကျင်စေခြင်း
ဒါကတော့ ရာဇသတ်ကြီးပုဒ်မ - ၃၂၆ အရ ရာဇဝတ်မှုမြောက်ပါတယ်။ ဒီပုဒ်မရဲ့
ပြဌာန်း ချက်မှာတော့ သေစေတန်မှန်းသိတဲ့ လက်နက်ကိရိယာ ဒါမှမဟုတ် မီး၊ အက်စစ်၊
အဆိပ်၊ တိရိစ္ဆာန် တစ်ကောင်ကောင်နဲ့ အပြင်းအထန်နာကျင်စေရင်တော့ ပြစ်ဒဏ်အနေနဲ့
အနှစ် (၂၀) ထောင်ဒဏ် ကျခံရမှာ ဖြစ်တဲ့အပြင်
အာမခံလည်း မရနိုင်ပါဘူးနော်။
ကျေအေးခွင့်လည်း မရှိပါဘူး။ ရဲ အရေးပိုင် လို့ ရဲစခန်းကိုသွားပြီး
အမှုသွားဖွင့်ရမှာ ဖြစ်ပါတယ် ....။
ခုပြောခဲ့တာတွေကတော့ သာမန်နာကျင်စေတာလား။ အပြင်းအထန်နာကျင်စေတာလား။
ဘယ်လိုလက်နက်မျိုးအသုံးပြုပြီး နာကျင်စေခဲ့တာလဲ ဆိုတာတွေကို အတိအကျထင်မြင်ချက် ပေးနိုင်တာက
ကျွမ်းကျင်သူ မှုခင်းဆရာဝန်တွေပဲဖြစ်တာမို့ ဆရာဝန်ရဲ့ထင်မြင်ချက် (ဆေးစာ) က အဓိကကျပါတယ်။
ဒီလိုအမှုတွေအတွက်ဆို ဆေးရုံ၊ ဆေးခန်းတွေရဲ့
ဆေးမှတ်တမ်းရှိဖို့တော့ လိုပါတယ်....။ ဒါကြောင့်မို့ ညီမလေးရေ...အခုရလာတဲ့ ဒဏ်ရာအမျိုးအစားတွေကို
သက်သေခံချက် ရအောင် ဆေးရုံရဲ့ ဆေးမှတ်တမ်းတွေနဲ့ ဆေးစာတွေက အမှုအတွက် အထောက်အထား ပိုပြီး
ပြည့်စုံစေမှာ ဖြစ်ပါတယ်။” ဒါ့အပြင်
ညီမကိုယ်တိုင်လည်း ခုရတဲ့ဒဏ်ရာတွေကို ဓါတ်ပုံမှတ်တမ်း၊ ဗွီဒီယို မှတ်တမ်း
စတာတွေလုပ်ပြီး သိမ်းထားဖို့လိုပါတယ် .... ဆိုပြီး စိတ်ရှည်ရှည်နဲ့ အသေးစိတ် ရှင်းပြပေး
လိုက်ပါတော့တယ်။ ကျွန်မ အခုလိုရှင်းပြလိုက်တဲ့အခါ သူမက ဝမ်းသာကျေနပ်သွားသော အသံလေးဖြင့်.....
“ဆရာမ ဒါဆိုကျွန်မ ယောကျာ်းကို ထောင်ချလို့ရတဲ့အမှုတွေနဲ့
တရားစွဲလို့ရတာပေါ့နော် ..။”
ကျွန်မက ပြုံးပြီး ခေါင်းညိတ်ပြလိုက်ပါတော့တယ်။
ကျွန်မရုံးခန်းကနေ သူမတစ်ယောက် ပြန်သွားတဲ့အခါမှာ သူ့နောက်ကျောပြင်လေးကို ငေးကြည့်ရင်း
တိုးတိုးလေးရေရွတ်မိနေတာက .... တော့
“မ ‘အ’ကြ နဲ့... ညီမလေးတို့ရေ ....။”

Post a Comment