အသရေဖျက်မှုဆိုတာဘာလဲ?









အသရေဖျက်မှုဆိုတာဘာလဲ

အသရေဖျက်မှု ဆိုတာ ပုဒ်မ ၅၀၀လေ။ နိုးနိုး မဟုတ်ပါဘူး။

အများစုက အသရေဖျက်မှုလို့ဆိုလိုက်ရင် အလွယ်ပြော အလွယ်မှတ်ထားလေ့ရှိကြတာက ပုဒ်မ ၅၀၀ဆိုပြီး ပြောဆို မှတ်သားထားကြလေ့ရှိကြတယ်။ တကယ်တမ်း ပုဒ်မ ၅၀၀ ဆိုတာ အသရေဖျက်မှုပေါ်ပေါက်ရင်  ပြစ်ဒဏ်ပေးဖို့အတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်တယ်။ အသရေဖျက်မှု ဆိုပြီး ပေါ်လွင်ပေါ်ပေါက်ဖို့ဆိုတာကလဲ သတ်မှတ်ချက် ကန့်သတ်ချက်လို့ပြောလို့ရတဲ့ အချက်တွေက ထပ်ရှိနေပြန်သေး။ ဒါဆိုရင် အသရေဖျက်မှု ပေါ်ပေါက်ဖို့ ဘာတွေလိုအပ်သလဲ၊ ဘယ်အချက်တွေလဲ ။                          အသရေဖျက်မှုပေါ်ပေါက်ဖို့ဆိုရင် လိုအပ်တဲ့အချက်တွေက ဘယ်သူမဆို နှုတ်နဲ့ပြောဆိုတာ / ခိုင်းနိုင်းပြောဆိုတာ (ဥပမာ-အပျက်မ၊ သူကဘာလုပ်စားတာ ..... ညာလုပ်စားတာ ..စသည်ဖြင့်ပေါ့) ၊ တစ်ဖက်လူကို သိစေ/မြင်စေ/ကြားစေအောင် ရည်ရွယ်ချက်ရှိရှိနဲ့ စာနဲ့ရေးတာ စကားနဲ့ပြောတာ။ ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်နစ်နာအောင် ပုံသဏ္ဌာန်(ပုံစံတူ)ကို ပုံရေးဆွဲတာ/ ရုပ်ထုလုပ်တာ၊  ပြောဆိုတဲ့ အကြောင်းအရာကိစ္စက  ထိခိုက်မှာကို သိသိကြီးနဲ့ တမင်တကာထိခိုက်ပါစေဆိုပြီး ပြောဆိုလိုက်တာ၊ မဟုတ်မမှန်ဘဲ စွပ်စွဲပြောဆိုတာ ၊ ကြေညာတာ  ၊အလုပ်အကိုင် ၊ဥာဏ်ပညာ အရည်အချင်း၊မျိုးရိုး၊ ကိုယ်လက်အင်္ဂါ စတဲ့ အကြောင်းအရာတွေကို မဟုတ်မမှန်ပါဘဲပြောဆိုရေးသားတာ/ပုံဆွဲတာကြောင့် အမှန်ကိုမသိသူများက ယုံကြည် ထင်မြင်သွားစေ တာမျိုး စတဲ့အချက်တွေဖြစ်ပါတယ် ။                                                              အသရေဖျက်မှုဆိုတာအသက်ရှင်တဲ့သူ၊ ချမ်းသာတဲ့သူ၊ ရုပ်ချောတဲ့ကိုတွေကို ကျူးလွန်မှ အသရေဖျက်မှုလို့ ခေါ်ဆိုလို့ရတာမဟုတ်ဘူး။ သေဆုံးသွားပြီးဖြစ်တဲ့ လူပုဂ္ဂိုလ်ဘယ်သူတွေဘဲဖြစ်ဖြစ် သူတို့ရဲ့အကြောင်း၊ဂုဏ်သတင်းတွေကို မဟုတ်မမှန်တာ အသရေပျက်စေတာ ဒါတွေကိုလည်းပြောဆို ခိုင်းနိုင်း ရေးဆွဲ.....စတာတွေကိုမလုပ်ရပါဘူး။ သူက မသာဖြစ်ပြီဆိုပြီး သူ့ကို ငါပြောချင်ရာပြောမယ်၊ သူ့ပုံတူကို မကောင်းတဲ့ ပုံစံတွေနဲ့ဆွဲတာမျိုးတွေ လုပ်လို့မရပါဘူး။ {မသာမှာလဲ မသာသိက္ခာရှိနေတယ်ဆိုတာကိုလည်း သိရှိမှတ်သား ထားဖို့လိုအပ်ပါတယ်။} သေဆုံးပြီးသွားတဲ့သူတွေကိုပြောဆိုရင် ဘာလို့ အသရေပျက်စေတယ်လို့ ပြောရတာလဲဆိုရင် သူတို့ကသေဆုံးသွားပြီဆိုဦး။ သူတို့နဲ့ပတ်သက်ဆက်နွယ်ကျန်ရစ်နေသေးတဲ့ မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်းကရှိနေကြတယ်ဆိုတာလည်း သတိရှိဖို့လိုပါမယ်။                                                            အသရေဖျက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကိုပဲလား။  မဟုတ်သေးဘူး။ ရှိသေးတယ်။ အသင်း၊ လူအစုအဖွဲ့၊ ကုမ္ပဏီ ၊အစိုးရ ဒါတွေကိုလည်း သွားထိလို့မရဘူး။  အသရေဖျက်မှုမြောက်တယ်/ မမြောက်ဘူး ဆိုတာတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ -၄၉၉ အရ အကြုံး၀င်/မ၀င်ကြည့်ရပါမယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၉၉မှာ ဖော်ပြထားတဲ့အချက်တွေနဲ့

ကွက်တိကျရင် အသရေဖျက်မှုအတွက် ပြစ်ဒဏ်ပေးတဲ့ (အများက အလွယ်တကူပြောနေကြတဲ့) ပုဒ်မ-၅၀၀နဲ့ အပြစ်ပေးအရေးယူခံရမှာဖြစ်ပါတယ်။  ဒါပေမယ့် ကင်းလွတ်ချက်လေးတွေ ရှိနေသေးတယ်ဆိုတာလည်း ပြောပြထားချင်ပါတယ်။

 

အသရေဖျက်မှုအတွက် ပြစ်ဒဏ်များ

အသရေဖျက်မှုမှာ ကင်းလွတ်ချက်ပေါင်း(၁၀)ချက်ရှိနေတာကိုလည်း သတိမူရပါမယ်။          ကင်းလွတ်ချက်(၁၀)ချက်ကိုတော့ အသေးစိပ်မဖော်ပြတော့ပါဘူး။ အကျဥ်းပြောရမယ်ဆိုရင် အများအတွက် အကျိုးဖြစ်ထွန်းတာမျိုး၊ ဥပဒေနဲ့အညီဖြစ်နေတာမျိုးတွေကို သဘောရိုးနဲ့ ပြောဆို ကြေညာ လုပ်ဆောင်တာမျိုးဖြစ်ပြီး ကင်းလွတ်ချက် (၁၀)ချက်နဲ့ ကိုက်ညီနေတာမျိုးဆိုရင် အသရေဖျက်မှုမမြောက်ဘူးလို့ ဥပဒေမှာတော့ ဆိုထားပါတယ်။ ဒါပေမယ့်  ကင်းလွတ်ချက် (၁၀)ချက်ထဲလဲ၀င်တယ် သဘောရိုးနဲ့လုပ်တာဆိုရင် အဲဒီသဘောရိုးနဲ့ လုပ်လိုက်တာပါဆိုတဲ့သူ (တနည်းပြောရရင်) တရားခံ/စွပ်စွဲခံရသူက ကင်းလွတ်ချက်ထဲ ၀င်ကြောင်းကို သက်သေပြကြရပါမယ်။

ကဲ ... အသရေဖျက်မှုဆိုတာ ပုဒ်မ-၅၀၀ မဟုတ်ဘူးဆိုတာ သိသွားကြပြီလို့ ထင်ပါတယ်။ ဒီပုဒ်မက အသရေဖျက်မှုဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၉၉အရ သတ်မှတ်ပြဌာန်းထားတဲ့အချက်တွေကို ဘယ်သူမဆိုကျူးလွန်ရင် ကင်းလွတ်ချက်ထဲမပါရင်

တရားစွဲဆိုခံရပြီး စစ်ဆေးပေါ်ပေါက်ရင် ကျူးလွန်ခဲ့တဲ့အတိုင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၀အရ အလုပ်မဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်းချမှတ်လို့ရပါတယ်။ ထောင်ဒဏ်ရော ငွေဒဏ်ပါ ပေါင်းပြီးလဲ အမိန့်ချမှတ်လို့ရပါတယ်။

ပုဒ်မ-၅၀၀ အပြင် ပုဒ်မ-၄၉၉ မှာဖော်ပြထားတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်တဲ့ သူတစ်ဦး တစ်ယောက်ရဲ့ အကြောင်းအရာ ပုံကို ပုံနှိပ်ခြင်း ဒါမှမဟုတ် ထုထွင်းခြင်း ဆိုတဲ့အကြောင်းအရာတွေကို လုပ်လိုက်ရင် အဲဒီသူကို အသရေပျက်စေသွားမယ်ဆိုတာကိုသိသိကြီးနဲ့လုပ်လိုက်မယ်ဆိုရင်၊ ရောင်းချမယ် ဒါမှမဟုတ် ရောင်းချဖို့ ကမ်းလှမ်းမယ်ဆိုရင်  ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၁၊ ၅၀၂ တို့အရ အပြစ်ပေး အရေးယူခံရပါလိမ့်မယ်။ ဒီပုဒ်မတွေအရ အပြစ်ပေးအရေးယူခံရရင်လဲ ပုဒ်မ-၅၀၀နည်းတူ ကျခံကြရမှာ ဖြစ်ပါတယ်။

ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အများပြည်သူများ ရင်းနှီးကျွမ်း၀င်ပြီး ဆင်ခြင် ရှောင်ရှားနိုင်ရန်အတွက် တတ်နိုင်သလောက် အစဥ်မျှ‌ဝေပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Like, Shares & Comments လေးတွေအပြင် ‌‌ဝေဖန်အကြံပြုချက်တွေလိုချင်ပါတယ်။

 သောင်ရင်းမယ်အဖွဲ့


အသရေဖျက်မှုဆိုတာဘာလဲ? အသရေဖျက်မှုဆိုတာဘာလဲ? Reviewed by Thaungyin Mae Institute on June 10, 2025 Rating: 5